ANNOUNCEMENTS

Bachelor of Business Management (BBM) မိတ်ဆက်

Published by Su Myat Thu19 August 2017

BBM (Bachelor of Business Management) နဲ့
စတင်မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာလိုတော့
“စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာ” ဘွဲ့ပါ။
အနည်းငယ်ရှည်ပေမယ့် ကျောင်းသားတွေအတွက်
အသုံးဝင်မယ်လို့ထင်ပါတယ်။

BBM (Bachelor of Business Management) ဘွဲ့ဟာဆိုရင်
NMDCနဲ့ စီးပွားရေးတက္ကသိုလ်ကျောင်း ၂ကျောင်း
တွဲဖက် affiliate ပြုလုပ်ပြီးပေးတဲ့ ဘွဲ့ပဲဖြစ်ပါတယ်။
ဒါကြောင့် NMDC မှာ ကျောင်းတက်ပြီး စီးပွားရေးတက္ကသိုလ်မှ
အပ်နှင်းတဲ့ ဘွဲ့ကို ရမှာဖြစ်ပါတယ်။
သင်တန်းကာလကတော့ (၄)နှစ် ဖြစ်ပါတယ်။

*Specialized Subjects*

BBM မှာ အဓိကသင်ကြားပေးတာကတော့
စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ထူထောင်မယ်၊
ထူထောင်တဲ့အခါမှာ ဘယ်လိုအချက်တွေကို
ထည့်သွင်းစဉ်းစားရမယ် ဆိုတာတွေပါပဲ။
ရှိနေတဲ့ စီးပွားရေးလုပ်ငန်းကိုလည်း စနစ်တကျနဲ့
အကျိုးအမြတ် အများဆုံးရရှိအောင် ဘယ်လိုစီမံမလဲ
ဆိုတာတွေကို သင်ကြားရပါတယ်။

အထူးသဖြင့်တော့ ကုန်ပစ္စည်းတွေကို ဘယ်လိုမျိုး
ထုတ်လုပ်ဖြန့်ဖြူးမလဲ၊ ကိုယ့်ထုတ်ကုန်ကို ဈေးကွက်မှာ
ပေါက်အောင် ဘယ်လိုရောင်းမလဲ၊ ကိုယ့်မှာရှိတဲ့
ဝန်ထမ်းတွေကို ဘယ်လို စီမံခန့်ခွဲမလဲ၊
ကိုယ့်လုပ်ငန်းရဲ့ ဝင်ငွေ၊ထွက်ငွေကို
ဘယ်လိုထိန်းချုပ်မလဲစတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို
အကျိုးအမြတ် အများဆုံးရအောင် စီမံခန့်ခွဲရတဲ့
နည်းပညာတွေအပြင် ကိုယ့်လုပ်ငန်းရဲ့
အကျိုးအမြတ်ချည်းပဲမဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်ကို
ပြန်လည်ကြည့်ရှုစောင့်ရှောက်တတ်တဲ့
စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ဖို့ CSR စတာတွေကိုလည်း
သင်ကြားရပါတယ်။

ဘာသာရပ်အားလုံးအတွက် သင်ရိုးညွှန်းတမ်းစာအုပ်များ၊
ebook များကို Reference Book များအဖြစ် ဖတ်ရှုသင်ကြားရမှာပါ။
စာအုပ်အများစုကတော့ U.S.A. နဲ့ U.K မှရိုက်နှိပ်ထုတ်ဝေတဲ့
စာအုပ်တွေပဲဖြစ်ပါတယ်။

*Teaching Method*

စာသင်ကြားတဲ့နေရာမှာတော့ စာသင်ခန်းထဲမှာ
ဆရာ၊ဆရာမတွေကပဲ သင်ကြားနေခြင်းမျိုး (One Way) နဲ့
မဟုတ်ဘဲ ကျောင်းသားဆရာ အပြန်အလှန် ဆွေးနွေး ခြင်း၊
ကျောင်းသားအချင်းချင်း အုပ်စုများဖွဲ့၍ ဆွေးနွေးခြင်း၊
ဆွေးနွေးချက်များကို presentation လုပ်ပြီး အတန်းသားများနဲ့
ပြန်sharing လုပ်တာမျိုးတွေလုပ်ရပါတယ်။

ဒီလို activity တွေပြုလုပ်ရတဲ့အတွက်
ကျောင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ရရှိစေတဲ့အပြင်
ယှဉ်ပြိုင်ရဲတဲ့ အရည်အချင်းတွေကို လေ့ကျင့်ပြီးသားဖြစ်သွားပါတယ်။
စိတ်လှုပ်ရှားနေတဲ့အချိန်မှာ ကိုယ်ကအကောင်းဆုံး
ဘယ်လို present လုပ်မလဲ၊ ကိုယ်ကြိုးကြိုးစားစားလုပ်ထားတဲ့
အလုပ်တစ်ခုအတွက်ရရှိလာတဲ့ စိတ်ကျေနပ်မှုခံစားချက်က
ဘယ်လိုမျိုးလဲဆိုတာကို လက်တွေ့လေ့ကျင့်သဘောပေါက်စေတာပါ။

လာရောက်ပို့ချပေးတဲ့ ဆရာဆရာမတွေကတော့
NMDC မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့
ဆရာဆရာမများအပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ
ဆရာဆရာမများ၊ နိုင်ငံခြားတက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှ
ဆရာဆရာမများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကလည်း
လာရောက်ပို့ချကြပါတယ်။

*Seminars*

ကျောင်းသားများအတွက် စိတ်ဝင်စားစရာကောင်းတဲ့
အတွေ့အကြုံတစ်ခုကတော့ အပတ်စဉ် Seminar များ
တက်ရောက်ရခြင်းဖြစ်ပါတယ်။ ဒီ Seminarတွေမှာ
ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့
ဖြတ်သန်းခဲ့ရတဲ့ စိတ်ဝင်စားစရာ စီးပွားရေးလုပ်ငန်း
အတွေ့အကြုံတွေ၊ လုပ်ငန်းခွင်အကြောင်းတွေ၊
အောင်မြင်မှုတွေကို ကျောင်းသားများ ဗဟုသုတရဖို့၊
လေ့လာနိုင်စေဖို့အတွက် လာရောက်ပြောပြခြင်းဖြစ်ပါတယ်။

*Plant Trips*

စာတွေ့အပြင် လက်တွေ့အနေနဲ့ ကျောင်းသားများအတွက်
အကျိုးရှိတဲ့ activity လေးကတော့ စီးပွားရေးလုပ်ငန်းများကို
လက်တွေ့သွားရောက်လေ့လာရတာပါ။

ကျောင်းမှာ စာတွေ့သင်ကြားထားတဲ့ အကြောင်းအရာတွေကို
လက်တွေ့အခြေအနေမှာ လေ့လာရခြင်းဖြစ်ပါတယ်။
လေ့လာရေးမှာတော့ လုပ်ငန်းများရဲ့ လက်တွေ့လည်ပတ်မှု၊
ထုတ်လုပ်မှုများကို လေ့လာရပါတယ်။
လေ့လာရေးအပြီးမှာတော့ အုပ်စုလိုက် Report တင်ရပါတယ်။
ကိုယ့်အမြင်၊ သူ့အမြင် အချင်းချင်း အငြင်းအခုံပြုရတာကလည်း
အသိပညာကို ပိုမိုကြွယ်ဝစေတဲ့အပြင် အချင်းချင်း
ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အရည်အသွေးကိုလည်း တိုးတက်စေပါတယ်။

*Internships*

နောက်ထပ်လက်တွေ့အတွေ့အကြုံတစ်ခုကတော့
လက်တွေ့လုပ်ငန်းခွင်ကို ၂လတာ အလုပ်သင်အနေနဲ့
ဝင်ရတာပါ။

ကျောင်းသားများက မိမိစိတ်ကြိုက်လုပ်ငန်းများကို
ရှာဖွေရတာဖြစ်ပြီး ၂လတာ internship ဆင်းရင်း
ဒီလုပ်ငန်းရဲ့ စိတ်ဝင်စားစရာ လက်တွေ့လုပ်ဆောင်မှုတွေကို
သင်ယူလေ့လာရပါတယ်။ ဒီအတွေ့အကြုံဟာ စာသင်ခန်းမှာ
စာတွေ့သင်ယူရတဲ့ အတွေ့အကြုံနဲ့ အလွန်ကွာခြားပြီး
လုပ်ငန်းတစ်ခုရဲ့ လက်တွေ့မှာ ဘယ်လိုမျိုးတွေ လုပ်ရတယ်၊
လူတွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ အကြောင်းအရာမျိုးစုံကို
သင်ယူလေ့လာစေတာပါ။ စာတွေ့ချည်းပဲမဟုတ်ဘဲ
လက်တွေ့လုပ်ငန်းခွင်ပါဝင်ခဲ့ရလို့ ကျောင်းသားတွေဟာ
ဘွဲ့ရတာနဲ့ အလုပ်ခွင်မှာ ကိုယ်တကယ် အလုပ်လုပ်နိုင်ပြီဆိုတဲ့
မိမိကိုယ်ကို ယုံကြည်မှုကို ရစေပါတယ်။

Share this post